အချို့သော ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးမှုသည် သဘာဝအတိုင်းလဲ ဖြစ်ပေါ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပနီဆီလင် ကဲ့သို့သော ပဋိဇီဝပိုးသတ်ဆေးများကို မြေကြီးထဲတွင်သဘာဝ အလျှောက်တွေ့ရှိရသော မှို နှင့် ဘက်တီးရီးယား များမှ ထုတ်ယူထားခြင်း ဖြစ်သည်။ သဘာဝ အလျှောက် ရှင်သန်နေထိုင်ရန် အတွက် ပိုးမွှားငယ်များ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင် နှင့် မှို) သည် အချိန်ကြာလာ သည်နှင့်အမျှ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါး လာကြရပါသည်။ သို့သော်လည်း ပုံမှန်အားဖြင့် သဘာဝပတ်ဝန်းကျင်တွင်တွေ့ ရသော ပဋိဇီဝပိုးသတ်ဆေး ပမာဏမှာ အလွန်ပင် နည်းပါးပြီး ၁၉၃၀၀န်းကျင် (ပင်နီဆလင် စပေါ်ချိန်က) အချိန်က ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးသော ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော ကူးစက်ရောဂါများ မှာ အလွန်ပင် ရှားပါးခဲ့ပါသည်။
အလွန်အကျွံနှင့် ပဋိဇီဝပိုးသတ်ဆေး လွဲမှားစွာအသုံးပြုမှုခြင်းများက ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှုကို အလျင်အမြန်ဖြစ်ပေါ်စေပြီး ကမ္ဘာအနှံ့သို့ ပြန့်နှံ့သွားစေပါသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ပဋိဇီဝပိုးသတ်ဆေး တန်ချိန် ၂ သိန်း မှ ၂ သိန်းခွဲထိထုတ်လုပ် သုံးစွဲနေ ကြသည်ဟုခန့်မှန်းပါသည်။[1] [2] ယင်းတို့တွင် ၇၀ ရာနှုန်းမှာ တိရိစ္တန် များအတွက်ဖြစ်ပြီး၊ ၃၀ ရာနှုန်းမှာ လူများအတွက် အသုံးပြုနေခြင်း ဖြစ်ပါသည်။ လူနှင့် တိရိစ္တန်များ သောက်သုံးသောပြီးသော ပဋိဇီဝပိုးသတ်ဆေး အများစု ကို မစင်နှင့် ကျင်ငယ်ရေ တို့တွင်စွန့်ထုတ်လိုက်ပြီးေ၇ဆိုးမြောင်း များသို့ ၀င်ရောက်ကာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါသည်။ ပဋိဇီဝပိုးသတ်ဆေးကို ထိတွေ့မိသော လူနှင့် တိရိစ္တန်များရှိ ဘက်တီးရီးယားပိုးများမှာလည်း ပဋိဇီဝပိုးသတ်ဆေးကို ယဉ်ပါးလာပြီး ထိုပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးသော ဘက်တီးရီးယားပိုးများက အခြားလူများ နှင့် သဘာဝ ပတ်ဝန်း ကျင်များ သို့ ပျံ့နှံ့သွားနိုင်ပါသည်။[2] [3]
ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါ ရှိသူများတာ ပဋိဇီဝပိုးသတ်ဆေးဖြင့်ကုသရန် လိုအပ်ပြီး ဘက်တီးရီးယားပိုးကြောင့် မဟုတ်သော ကူးစက်ရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေး မသုံးသင့်ပါ။ ဆာအလက်ဇန်းဒါးဖန်းမင်းက ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှု ပြသနာကို အစတည်းက ခန့်မှန်းခဲ့ပြီး အောက်ပါကဲ့သို့ ပြောကြားခဲ့ သည်။
“ပင်နီဆီလင် ပဋိဇီဝပိုးသတ်ဆေးကို မစဉ်းစားပဲ မဆင်မခြင် အသုံးပြုသူသည် ပင်နီဆီလင် ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသောရောဂါပိုးကြောင့်သေဆုံး သူ အတွက် ကိုယ်ကျင့်တရား အရ တာဝန်ရှိသည်”
ယနေ့ခေတ်တွင် တွေ့ရများသော ရောဂါပိုးများ မှာ ပင်နီဆီလင်ဆေးကို ယဉ်ပါးနေသောကြောင့် လူနှင့် တိရိစ္တန်များတွင် အဖြစ်များသော ကူးစက်ရောဂါများ ကုသရန်အတွက်ယင်းကို အသုံးမပြုတော့ပါ။ ပနီဆီလင်အစား အခြားပဋိဇီဝပိုးသတ်ဆေးများ ကိုသာ အသုံးပြုပါသည်။ ပဋိဇီဝ ပိုးသတ်ဆေး ယဉ်ပါးသော ကူးစက်ရောဂါ များကြောင့် နှစ်စဉ် လူပေါင်း ၇ သိန်းခန့် ကမ္ဘာပေါ်တွင် သေဆုံး နေကြပြီး ၂၀၅၀ ခုနှစ်တွင် နှစ်စဉ်သေဆုံးမှုမှာ လူဦးရေ ၁၀သန်းခန့်ထိ ရှိနိုင်ပါမည်။[2] ပဋိဇီဝပိုးသတ်ဆေး အသစ်များ ရှာဖွေတွေ့ ရှိခြင်းတော့ မရှိသည် မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပါသည်။
“ကျတော်တို့အနေဖြင့် ဆေးယဉ်ပါးမှုပြသနာကိုအသိပညာပေးရန် ကမ္ဘာလုံးအတိုင်းအတာ လူထုလှုပ်ရှားမှု တစ်ရပ် အရေးပေါ် လိုအပ်နေပါ သည်။”[1]
သင် ပဋိဇီဝပိုးသတ်ဆေး ကိုလွဲမှားစွာ အသုံးပြုနေပါသလား။ ‘ပဋိဇီဝပိုးသတ်ဆေး ကိုလွဲမှားစွာ အသုံးပြုနေခြင်း’ အခန်းတွင် လေ့လာပါ။
ကိုးကားချက်များ။
1 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf
2 Sarmah, A. K., Meyer, M. T., & Boxall, A. B. (2006). A global perspective on the use, sales, exposure pathways, occurrence, fate and effects of veterinary antibiotics (VAs) in the environment. Chemosphere,65(5), 725-759. doi:10.1016/j.chemosphere.2006.03.026
3 Boeckel, T. P., Brower, C., Gilbert, M., Grenfell, B. T., Levin, S. A., Robinson, T. P., . . . Laxminarayan, R. (2015). Global trends in antimicrobial use in food animals. Proceedings of the National Academy of Sciences,112(18), 5649-5654. doi:10.1073/pnas.1503141112